Friday, December 4, 2009

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု တာဝန်ရှိ ဆရာဝန်ကို ဆေးကုသခွင့် ၅ နှစ်ပိတ်ပင်

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) တွင် သေဆုံးခဲ့သော မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ကုသခဲ့သည့် ဆရာဝန်ကြီး ဒေါက်တာ ကြည်စိုးအား မြန်မာနိုင်ငံ ဆေးကောင်စီက ယနေ့မှစ၍ ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

[လွန်ခဲ့သည့် ၁ လကျော်က ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) တွင် သေဆုံးခဲ့သည့် မခိုင်ရွှန်းလဲ့ရည်ကို ၎င်း၏ သူငယ်ချင်း တဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - လျှပ်တစ်ပြက်)]


ဒေါက်တာကြည်စိုးအား တာဝန်မယူမှု၊ မှားယွင်းကုသမှု နှင့် ဆုံးဖြတ်ချက် မှားယွင်းမှု ဟူသော ပြစ်ချက် ၃ ရပ်ဖြင့် မခိုင်ရွှန်းလဲ့ရည် သေဆုံးရခြင်းနှင့်ပတ်သက်ပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ် တစောင်က ပြောသည်။

“ဒီနေ့ပဲ ဆေးကောင်စီက သတင်းထုတ်ပြန်လိုက်တာပါ။ ဘာမှပြန်မမေးနဲ့တော့လို့ ပြောပါတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီက နိုဝင်ဘာ ၂၆ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှု ကော်မတီ ဖွဲ့ကာ ၃၀ ရက်နေ့တွင် ၎င်းဆေးကုသမှုခံယူခဲ့သည့် SSC နှင့် ခွဲစိတ်ကုဆရာဝန်ကြီး ဒေါက်တာကြည်စိုးကို စတင် စုံစမ်းစစ်ဆေးကာ ယနေ့ အရေးယူလိုက်ခြင်း ဖြစ်သည်။

အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင်ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီးက အူအတက်ရောင် ရောဂါဖြစ်နေသည်ဟုပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးပြီး ၂ ပတ်ကျော်အကြာတွင် ရန်ကုန်အခြေစိုက် လျှပ်တစ်ပြက် ဂျာနယ်နှင့် Weekly Eleven သတင်းဂျာနယ်တို့က ၎င်းသေဆုံးရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းများ ရေးသားဖော်ပြခဲ့ကြသည်။
.

ထိုကဲ့သို့ သတင်းဂျာနယ်များက ဖော်ထုတ်တင်ပြခဲ့သည့်အချိန် အတောအတွင်း ဒေါက်တာကြည်စိုးမှာ တရုတ်ပြည်သို့ ခရီးထွက်နေကြောင်း ကြားသိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်သတင်းဂျာနယ် အယ်ဒီတာတဦးက ယခုကဲ့သို့ မီဒီယာ၏ ဖော်ပြမှုကြောင့် ဖြစ်ရပ်မှန်ကိုသိရှိပြီး အရေးယူနိုင်ခဲ့သည့်အတွက် ဤဖြစ်ရပ်ကို အများပြည်သူက အတုယူသင့်သည်ဟု ဆိုသည်။

“ဖြစ်ရပ်မှန်ကို မီဒီယာကို ပြောရဲတဲ့ မိသားစုဝင်တွေကို ချီးကျူးတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီး ရှိနိုင်ပေမယ့် ဘယ်သူမှ မသိလိုက်ရဘူး။ ဒီဖြစ်ရပ်ကို အတုယူပြီး လူတိုင်းလူတိုင်း မီဒီယာကို ပြောရဲမှ နောက်ပိုင်း ဘယ်သူမှ လက်လွတ်စပယ် မလုပ်ရဲမှာ” ဟု သူက ဆက်ပြောသည်။

မီဒီယာများအနေနှင့်လည်း ဖြစ်ရပ်မှန်ကို ဖော်ထုတ်တင်ပြကြရန်လိုကြောင်း၊ မီဒီယာကြောင့်သာ ယခုဖြစ်ရပ်ကို လူသိရှင်ကြား ဖြစ်ခဲ့ရ၍ အရေးယူဖော်ထုတ်သည့် အဆင့်အထိ ရောက်ခဲ့ကြောင်း သူက ဆိုသည်။

“တကယ်လို့ ဘယ်သူမှ မသိလိုက်ရင် ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ ပြီးသွားမှာ” ဟု ၎င်းက ပြောသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့်ပတ်သက်၍ ဒေါက်တာကြည်စိုးကို ဆေးကုသခွင့် ၅ နှစ်ရုတ်သိမ်းသကဲ့သို့ မခိုင်ရွှန်းလဲ့ရည် ဆေးကုသမှု ခံယူခဲ့သော SSC ဆေးခန်းအနေနှင့်လည်း ကာယကံရှင် မိသားစုအား ဝန်ချတောင်းပန်စေမည်ဖြစ်ကြောင်း သိရသည်။


၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက SSC သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးခန်း၏ တာဝန်ရှိသူတဦးက အဆိုပါသတင်းများ မကြားသေးကြောင်း၊ လတ်တလောတွင် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့် အင်တာဗျူးကိုမှ ဖြေကြားမည်မဟုတ်ကြောင်း ပြောကြားသည်။


ထိုင်းနိုင်ငံအခြေစိုက် သတင်းစာပညာ သင်တန်းများ ပို့ချပေးနေသော ဦးစံမိုးဝေက “သတင်းမီဒီယာ သမားတယောက် အနေနဲ့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်။ နောက်နောင် ဆေးရုံတွေ၊ ဆရာဝန်တွေဘက်က သတိထား ဆင်ချင်စရာ ဖြစ်သွားသလို ပြည်သူလူထု အနေနဲ့လည်း မှန်တယ်လို့ ယုံကြည်ရာကို မီဒီယာကို ပြောပြရဲလာမယ်လို့ ယုံကြည်ပါတယ်။ သတင်းမီဒီယာရဲ့ သြဇာဆိုတာ ဒါပါပဲ။ တလွဲအသုံးမချကြဖို့တော့ လိုတာပေါ့” ဆိုသည်။

ယခုကဲ့သို့ ဆရာဝန်တဦး၏ ပေါ့လျော့မှုကြောင့် လူနာတဦးအသက်ဆုံးရှုံးရသည့် သတင်းကို မီဒီယာများတွင် ဖော်ပြပြီး လူသိရှင်ကြား စုံစမ်းအရေးယူမှု ပြုလုပ်သည့်ဖြစ်ရပ်မှာ မြန်မာပြည်တွင် ပထမဆုံးအကြိမ် ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။
.

No comments: